မီးလုံး
"မီးကွေးမီးလုံးတစ်လုံးပေးပါ။" မီးကင်းသမားလေးတစ်ယောက် ညနေပိုင်းမှာ လာဝယ်တယ်။
"အာမခံပါတာ ဝယ်လေ။ တမြန်နေ့ကမှ တစ်လုံးဝယ်ထားတာ မဟုတ်လား။ အာမခံနဲ့ဆို ကျွမ်းသွားရင် အသစ်နဲ့ ပြန်လာလဲလို့ရတယ်။" ဆိုင်ကအရောင်းစာရေးလေးက ရှင်းပြရှာတယ်။
"အကို ကျွန်တော့အိမ်အတွက် မဟုတ်ဘူး၊ မီးကင်းအတွက်၊ ခုဝယ်ရတာလဲ ကျွမ်းလို့ မဟုတ်ဘူး။ ခိုးခံရလို့၊ အာမခံပါလည်း ခိုးခံရရင် အသစ်ဝယ်ရတာပဲ။ အာမခံမပါလည်း အတူတူပဲ၊ အိမ်အတွင်းထဲအတွက်တော့ အာမခံက ပိုသင့်တော်မှာပေါ့၊"
ကိုယ်လည်း စချင်နောက်ချင်စိတ်လေးပေါ်လာလို့ ကြားဖြတ်လှမ်းနောက်လိုက်ပါတယ်။ " ရေအိုးစင်မှာလို ရေခွက်ကို သံကြိုးချည်ထားပေါ့"လို့
ပိုဆိုးသွားပြီ။ "ဆရာစမ်းပြီးပြီ။ မီးကွေးအလိမ်ကြားထဲ သံကြိုးထည့် သော့ခတ်ထားလိုက်တာ မီးလုံးကို ခွဲသွားလို့ ဖန်ကွဲစတွေ အများကြီး မီးကင်းတဲပေါ်မှာ၊ မနည်းရှင်းယူရတယ်"
.
ကျောင်းဝင်းထရံ
"အလှူခံပါခင်ဗျ" "ဘာအတွက်အလှူခံလဲဗျ" "ကျောင်းဝင်းထရံကာဖို့ပါ"
"မနှစ်ကလည်း ဝင်းထရံကာဖို့ဆို အလှူခံသေးတယ်နော်" "ဟုတ်ပါတယ်၊ အနီးအနားကလူတွေ ကျောင်းပိတ်ချိန် လူမရှိတုန်း ကျောင်းထရံအကာတွေကို ဖြုတ်ပြီး ထင်းမီးစိုက်လိုက်ကြတယ် ထင်တယ်၊ ခု ဝင်းထရံတော်တော်ပျက်စီးနေလို့ ကျောင်းက ကလေးတွေ လုံခြုံဖို့ ပြန်ကာရမှာမို့ပါ" "ဟာဗျာ ကျောင်းဝင်းထရံကို မီးစိုက်ဖို့သုံးတယ်။ ထင်းဆိုတာ ဘယ်လောက်တန်လို့လဲ။ ဝင်းထရံက ပြန်ကာရင်မနည်းကုန်မှာကိုဗျာ၊ ပြီးတော့အများစုပေါင်ူလှူထားတဲ့ အများပိုင်ပစ္စည်းကိုဗျာ"
.
သောက်ရေအိုးစင်က ရေခွက်၊ မီးရထားသံလမ်းနဲ့ ဘေလီတံတားမှ မူလီ်(Nut)များ ဖြုတ်ယူရောင်းစားခြင်း၊ တယ်လီဖုန်းလိုင်းကြိုးများ ဖြုတ်ရောင်းစားခြင်း၊ အများအတွက်ရည်ရွယ်ထားတဲ့ ပစ္စည်းများကို ကိုယ်အကျိုးအတွက်သုံးစွဲခြင်း၊ ဖြုတ်ယူမရအောင်လုပ်ထားပါက ဖျက်ဆီးခြင်းများဟာ နေရာအတော်များများမှာ တွေ့နေရပါတယ်။ မီးလုံး၊ ရေခွက်ဆိုလျှင် သူ့အသုံးအတိုင်းပြန်သုံးဖို့ ယူတာဖြစ်ပြီး ဝင်းထရံသစ်သားမျိုးကို ခွာယူထင်းစိုက်တာမျိုးကျတော့ မသုံးသင့်တဲ့အသုံးပြုမှုမျိုးဖြစ်ပါတယ်။ မီးရထားသံလမ်း၊ တံတားမှ မူလီများကျ ပိုဆိုးသွားပါတယ်။ ဖြုတ်ခိုးရောင်းစားရင် အလေးချိန်နဲ့သာရောင်းလို့ရနိုင်ပြီး သူခိုးဈေးနဲ့ပါ ဝယ်ကြလို့ ပိုက်ဆံအနည်းငယ်သာ ခိုးရောင်းစားသူတို့ ရနိုင်ပါတယ်။ ဒါပေမယ့် ထိုတံတား၊ သံလမ်းများကို အသုံးပြုရသော လူတွေအတွက် အသက်အန္တရာယ်အများကြီးဖြစ်ပေါ်စေနိုင်ပါတယ်။ အများပိုင်ပစ္စည်းဆိုလျှင် တန်ဘိုးမထားတတ်သလို အလွဲသုံးစားဖို့လည်း ဝန်မလေးတာကို တွေ့ရပါတယ်။ တကယ်တမ်းက အများအတွက်ရည်ရွယ်တဲ့၊ အများပိုင်တဲ့ ပစ္စည်းဆို ပိုတန်ဘိုးထား ထိန်းသိမ်းရမှာပါ။ အဲဒီပစ္စည်းတွေက လောကကိုပိုအကျိုးပြုတတ်လို့ပါ။ တို့တိုင်းပြည်မှာ အဲဒီကိစ္စလည်း ပြင်ရမယ့်အချက်ပါပဲ။

Credit - Tun Tun
No comments:
Post a Comment