ရေ၊မီး၊ဆွမ်း၊ပန်းတို့ လှူဒါန်းရခြင်းကြောင့်ရရှိမယ့် အကျိုးအမျိုးမျိုးကို စုစည်းဖော်ပြပေးထားပါတယ်။
ရေအကျိုး(၁၀)ပါး
------------
"ရေအကျိုး၁၀ပါး မတောင်းဘဲပြည့်တယ်" ဆိုပြီး ပြောလေ့ပြောထရှိကြပါတယ်။
ရေအကျိုး(၁၀)ပါးလုံး သိသူများရှိသလို (၁၀)ပါးရှိမှန်းသိပြီး (၁၀)ပါးလုံးကို သေချာမသိသူများလည်း ရှိကြပါတယ်။
ရေအကျိုး(၁၀)ပါးကတော့-
၁။ လျင်မြန်ဖျတ်လတ်ခြင်း
၂။ သန့်ရှင်းစင်ကြယ်ခြင်း
၃။ ဂုဏ်သတင်းကျော်ဇောခြင်း
၎။ ဆာလောင်မွတ်သိပ်ခြင်းကင်းဝေးခြင်း
၅။ အခြံအရံပေါများခြင်း
၆။ အသက်ရှည်ခြင်း
၇။ ရုပ်ရည်အဆင်းလှပခြင်း
၈။ ချမ်းသာကြွယ်ဝခြင်း
၉။ ခွန်အားဗလကြီးခြင်း
၁၀။ ဥာဏ်ပညာကြီးမားခြင်း တို့ဖြစ်ပါတယ်။
" လျင်မြန်၊သန့်ရှင်း၊ကျော်ဇောခြင်းနှင့်
လွတ်ကင်းမွတ်သိပ်၊မဆိတ်ခြံရံ၊ဒီဃံ သက်ရှည်၊ ရုပ်ရည်ဆင်းလှ၊ သုခ၊ခွန်အား၊ပညာများ " ဆိုပြီး လင်္ကာနဲ့လည်း မှတ်သားနိုင်ပါတယ်။
မီးလှူကျိုး(၂)ပါး
-----------
ဆီမီး၊လျှပ်စစ်မီးများလှူဒါန်းပါက-
၁။ မျက်စိအမြင်ကြည်လင်ခြင်း နှင့်
၂။ ဥာဏ်ပညာ ထက်မြက်ပြီး
စိတ်ကြည်လင်ခြင်း
အကျိုး ၂ ပါး ရရှိပါတယ်။
" ဘုရားရှင်အား စိတ်ထားကြည်ဖြူ
ဆီမီးလျှပ်ပန်း လှူဒါန်းသောသူ
စက္ခုမံသ ဥာဏနှစ်ဆူ
ကြည်လင်၏ ဖြစ်ဘိဥာဏ်ကြီးသူ "
ဆွမ်းလှူကျိုး(၅)ပါး
-------------
ဆွမ်းလှူကျိုး(၅)ပါးမှာ
၁။ အသက်ရှည်ခြင်း
၂။ အဆင်းလှခြင်း
၃။ ချမ်းသာကြွယ်ဝခြင်း
၎။ ခွန်အားကြီးခြင်း
၅။ ဥာဏ်ပညာကြီးခြင်း တို့ဖြစ်ပါတယ်။
" သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဥာဏ်ပညာ " လို့မှတ်သားထားပါတယ်။
ပန်းလှူကျိုး(၃)ပါး
------------
ပန်းလှူကျိုး(၃)ပါးမှာ
၁။ ရုပ်ရည်အဆင်းလှပတင့်တယ်ခြင်း
၂။ ကိုယ်ခန္ဓာ သန့်ရှင်း စင်ကြယ်ခြင်း
၃။ ခံတွင်းနံ့မနံခြင်း တို့ဖြစ်ပါတယ်။
" ပန်းလိုလှပ ဘဝရုပ်ရည်
ခန္ဓာကိုယ်တွင်း သန့်ရှင်းပေသည်
နံစော်ကင်းလို့ ခံတွင်းမွှေးကြည်
ပန်းလှူကျိုး သုံးမျိုးရနိုင်သည် "
ရေအကျိုး၁၀ပါးကို ပါဠိနှင့်တွဲလိုချင်ပါတယ် ကျေးဇူးပြု၍
ReplyDelete