ကျွန်တော့် ဘဝမှာ အမုန်းဆုံးဆိုတဲ့သူ ဘယ်သူလဲ လို့မေးလိုက်ရင်... ကျွန်တော်ဖြေမှာက.. "စွမ်းအားရှင်" ဆိုတဲ့ ကောင်တွေပဲ...
အဲဒီ စွမ်းအားရှင်ဆိုတဲ့ ကောင်တွေ ဘယ်ကလာလဲ...
ရပ်ကွက် အသီးသီးမှာ အပေအတေ၊ ပညာမတတ်၊ စာမတတ်၊ ဦးနှောက်မရှိ၊ သူခိုး၊ ဘိန်းစား၊ မကောင်းတာ လုပ်တဲ့ကောင်မှန်သမျှ ဘာလုပ်လဲဆိုတော့ လက်ပတ်လေးတွေ ကိုယ်စီနဲ့ စွမ်းအားရှင်ဆိုတဲ့ ကောင်တွေ ဖြစ်လာတော့တာပါပဲ...
စွမ်းအားရှင်လည်း နေ့စားရသလို ဒန်ပေါက် စားရပါတယ်...
အဲဒီစွမ်းအားရှင်ဆိုတဲ့ ကောင်တိုင်းက ရဲစခန်းမှာ အမှုတစ်ခုမဟုတ် တစ်ခုနဲ့ အချုပ်ကြဖူးသူတိုင်း ဖြစ်ပြီး သူတို့ရဲ့ record က ရဲပြစ်မှုမှတ်တမ်း ရှိဖူးသူတွေပါပဲ...
မင်းဘာလို့ အဲဒီလောက် သိသလဲဆိုရင်...
ပြောရရင် ရှက်စရာပါ... ကျွန်တော့် အစ်ကို နှစ်ဝမ်းကွဲက စွမ်းအားရှင်ပါ... မြေနီကုန်းတဝိုက်မှာ သူ့ကို မသိသူ မရှိပါ... ဆိုးလွန်းအားကြီးတဲ့အတွက်ပါ...
ဓါးထိုးမှုတွေက ခဏခဏ ဖြစ်သလို... အဖေတောင် ပြန်ထိုးတဲ့သူပါ... ပြီးတော့ သူ့ ညီအစ် ဝမ်းကွဲ (ကျွန်တော်နဲ့ အမျိုးမတော်တဲ့) တွေ အတော်များများ ဘိန်းချပြီး သေကုန်ပါပြီ... သူကိုယ်တိုင်လည်း ဆေးဆွဲနေသူပါ...
သူကို ကျွန်တော် အတတ်နိုင်ဆုံး ပြုပြင်ပေးချင်လို့ ကျွန်တော့်ရုံးမှာ လက်တိုလက်တောင် ခိုင်းဖို့ခေါ်ထားပါတယ်... သူက ဘယ်လောက်မိုက်မိုက် ကျွန်တော့်ကိုတော့ ကြောက်ပါတယ်... မကြောက်နေမလား... လူကြီး အတော်များများက ကျွန်တော့်ဆီကို ခဏခဏခ လာလည်တာ သူက သိနေတာကိုး...
ဘယ်လိုပဲ ပြင်ကြည့် ပြင်ကြည့် ကျွန်တော့်ကို ရန်မရှာ ဒုက္ခမပေးပေမယ့် ခွေးမီးကောက် ကျည်ထောက်စွပ်ပါ... ပြန်ပြီး သူ့ဘဝဟောင်းကိုသာ တမ်းတပြီး ကျွန်တော့်ရုံးက အဖိုးတန် ပစ္စည်း projector တွေ laptop တွေကို လစ်ရင်လစ်သလို ခိုးပါတယ်... ရုံးဝန်ထမ်းတွေက သူဌေးရဲ့ အစ်ကိုဝမ်းကွဲဆိုတော့ ခိုးမှန်းမသိဘူး... ခဏ ယူသွားတယ်ထင်ကြတာ... ပေါ်တော့မှ ကျွန်တော့်လာတိုင်တာ... ကျွန်တော်က အစ်ကို ဝမ်းကွဲဆိုတော့ မျက်နှာမပျက်ချင်တာနဲ့ အလုပ်က ထုတ်ယုံပဲ ထုတ်လိုက်ပါတယ်...
မကြာပါဘူး... ကျွန်တော့် အလုပ်ကထွက်ပြီး ကျွန်တော့် အိမ်ကိုသွား... အဖွားတွေကို ငိုပြပြီး... အလစ်မှာ အိမ်က ပစ္စည်းတွေကို သမ တော့တာပါပဲ... မရတဲ့အဆုံး ရဲတိုင်မယ်လုပ်တော့... ကိုယ်တော် ချောက သန်လျင်ဘက် ထွက်ပြေးပြီး သူ့ကို ဖမ်းမရအောင် ဘုန်းကြီး ဝတ်နေတော့တာပါပဲ... အိမ်က အဖွားတွေကလည်း တသက်လုံး ဆွေပြတ်မျိုးပြတ်လုပ်လိုက်တာပဲ ကောင်းပါတယ်... သူ့အဖေနဲ့ အမေလည်း သနားပါတယ်... ထောင်မချလိုက်ပါနဲ့လို့ ကျွန်တော့်ကို ဝိုင်းတားလို့ ကျွန်တော်လည်း ဘာမှ ဆက်မလုပ်တော့ပါ... သိန်း ၃၀ ဖိုးလောက်တော့ ပါသွားပါတယ်... ဆေးချဖို့ ရောင်းတာလို့လဲ ကြားသိရပါတယ်...
အဲဒီ အလွန်ဆိုးသွန်းသော ပုဂ္ဂိုလ်က မြေနီကုန်းလက်ရွေးစင် စွမ်းအားရှင်တဲ့ဗျား...
ဘယ်လောက်တောင် ကျွန်တော် ရွံလိုက်သလဲ... အော်... စွမ်းအားရှင်ဆိုတာ ဒီလိုကောင်မျိုးတွေ ဆိုပါလားဆိုတာ ကျွန်တော် သိလိုက်ရတော့ စွမ်းအားရှင်ကို လက်သပ်မွေးထားတဲ့ သူတွေကိုပါ စက်ဆုတ်မိပါတယ်...
ဒါ ကျွန်တော် သိသလောက် စွမ်းအားရှင်အကြောင်းပါ... ဒီထက် ဆိုးတာတွေ အများကြီးရှိဦးမှာပါ...
ကျွန်တော် ဆန္ဒပြတာကို ပွင့်ပွင့်လင်းလင်းပြောရင် လုံးဝ (လုံးဝ) ထောက်ခံတဲ့သူ မဟုတ်ပါ။ ဒါပေမယ့် ဆန္ဒပြတာကို ဘယ်လို ကိုင်တွယ်ရတယ်ဆိုတာကို EU ကနေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သင်ကြားပြသထားပေးပြီး ဖြစ်သလို လိုအပ်တဲ ပစ္စည်းကိရိယာတွေကိုလည်း ပေးအပ်လှူဒါန်းထားပြီးသားပါ...
ဒါကြောင့် တကယ်တန်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ ဆန္ဒပြတာတွေကို ကိုင်တွယ်နိုင်စွမ်းက အရင်ထက် ပိုသာမယ် ထိခိုက်မှုတွေ နည်းမယ်ဆိုတာကို ကျွန်တော်သံသယ မဖြစ်ပါဘူး...
ဒါပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာလည်း အလုံးစုံသော ရဲတပ်ဖွဲ့ဝင်တွေကို ရဲချုပ်တို့ ပြည်ထဲရေးဝန်ကြီးတို့ကနေ စေခိုင်းနိုင်ခြင်း မရှိတာ အမှန်ပါပဲ... ကျွန်တော် ပြောတာ ဟုတ်သလား မဟုတ်သလားဆိုတာ အခု ကျွန်တော့် facebook ထဲမှာ ရှိတဲ့ တပ်ဖွဲ့ဝင်အချို့သိမှာပါ... အချို့သော တပ်ဖွဲ့ဝင်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးက အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် အဆင့်ပုဂ္ဂိုလ်များက ကိုင်တွယ်ပါတယ်...
အချို့သော ကိစ္စတွေမှာ ဝန်ကြီးချုပ်က အမိန့်ပေးပါတယ်... သက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေက မလုပ်နိုင်ဘူးဆိုရင် သမ္မတအဆင့်အထိ ငါပြောမယ်... မင်းတို့လုပ် ဆိုပြီး by force နဲ့ ခိုင်းတဲ့ အထိကို လုပ်တတ်ပါတယ်...
ဒါကျွန်တော် သိသလောက်ပါ... မှားတာလည်း ရှိကောင်းရှိမှာပေါ့..
ဒါကြောင့် တကယ်တန်း ရဲတပ်ဖွဲ့ကသာ အာဏာအပြည့်အဝရှိမယ်.. ဆန္ဒပြတဲ့ ကိစ္စတွေမှာ ကိုင်တွယ်ခွင့် အပြည့်ရမယ်ဆိုရင် EU ရဲ့ သင်ကြားပုံတွေနဲ့ လုပ်ဆောင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...
ဒါပေမယ့် EU က စွမ်းအားရှင်တွေကို အသုံးပြုဖို့ သင်ပြထားခြင်း မရှိသလို... ဆန္ဒပြတာတွေကို နှိမ်နင်းတဲ့ အဆင့်တွေကလည်း စနစ်တကျ လေ့ကျင့်ထားတာဖြစ်ပါတယ်...
ဆိုလိုတာက ကျွန်တော် မြင်တာတော့ ဒီနှေ့ဆန္ဒပြပွဲမှာ ပြသနာ မီးမွှေးသွားတဲ့ အဖွဲ့က ရဲတပ်ဖွဲ့လို့ ကျွန်တော် မယူဆပါဘူး... ရဲတပ်ဖွဲ့က ပုဂ္ဂိုလ်တွေကိုတောင် ဘဝပျက်သွားအောင် ပညာပြနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က စေခိုင်းတယ်လို့ ကျွန်တော် ယူဆပါတယ်...
ကျွန်တော် ဆန္ဒပြတာကို မထောက်ခံသလို စွမ်းအားရှင်လို အောက်တန်းစား လူတစ်စုကို အသုံးချပြီး ဖြိုခွင်းတာကိုလည်း လက်မခံပါ...
smart ကျတဲ့ အစိုးရဆိုတာ အောက်တန်းကျတဲ့ နည်းလမ်းများကို အသုံးပြုခြင်း မရှိပါလို့ ကျွန်တော်ခံယူထားပါတယ်... ရဲတပ်ဖွဲ့ဆိုတာ ဌာနခွဲတွေ အများကြီးနဲ့ပါ... သတင်းတပ်ဖွဲ့တို့... CID တို့... အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့တို့... လေကြောင်း... ရေကြောင်း... ကမ္ဘာလှည့်ခရီးသည် စောင့်ရှောက်ရေးတပ်ဖွဲ့တို့ အပြင် အခြားသော တပ်ဖွဲ့ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာပါ... ဒါကြောင့် ဥပဒေဘောင်အတွင်းမှာ မဟုတ်ပဲ ဆန္ဒပြဦးတော့ ဥပဒေဘောင်အတွင်းက ရဲတပ်ဖွဲ့ဝင်တွေဟာ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်နဲ့ပဲ အရေးယူတာမျိုးက သဘာဝကျပါတယ်...
မဟုတ်ပဲနဲ့ စွမ်းအားရှင်ဆိုတဲ့ ဥပဒေပြင်ပက ထောင်ထွက် သူခိုး ဂျပိုး အဆင့်အတန်းတွေနဲ့ ပြန်ရင်ဆိုင်ခိုင်းပြီး ဖမ်းဆီးရတယ်ဆိုတဲ့ အစိုးရရဲ့ အဆင့်အတန်းလည်း သူခိုး ဂျပိုး အဆင့်အတန်း ဖြစ်သွားနိုင်တယ်ဆိုတာ သတိထားဖို့ လိုတယ်လို့ အကြံပြု တင်ပြလိုက်ပါတယ်...
ဒါကြောင့် နောင်ဆို သတ်မှတ်ထားတဲ့ အဆင့်များနဲ့ တစ်ဆင့်ခြင်း လုပ်ကိုင်နိုင်တဲ့ လူစုလူဝေးဖြိုခွင်းတဲ့နည်းလမ်းများ နိုင်ငံတကာကကော ပြည်သူကပါ လေးစားရမယ့် နည်းလမ်းတွေနဲ့ လုပ်ကိုင်ဆောင်ရွက် နိုင်ပါစေ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူ့အခွင့်အရေးနားလည်တဲ့ အကြီးအကဲများကိုယ်တိုင် ကိုင်တွယ်ခွင့် ရရှိပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်...
ပုံကိုတော့ ပြည်သူ့ခေတ်က ကို Ye Min Thant ဒီနေ့ဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ပုံကို ယူသုံးထားပါတယ် (credit ပေးတာပါ)
သစ္စာ
၂၀၁၅ ခုနှစ် မတ်လ ၅ ရက်
၂၀၁၅ ခုနှစ် မတ်လ ၅ ရက်
No comments:
Post a Comment