ကော်ရှူခြင်းနဲ့ပတ်သက်လို့ ဆေးပညာအရ ပညာပေးဟောပြောပေးဖို့ တာဝန်ပေးလာတော့ သည်ကိစ္စရပ်နဲ့ ပတ်သက်တာလေးတွေ ပြန်ရှာဖြစ်ပါတယ်။
မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော အလွဲသုံးလေ့ရှိတဲ့ ပစ္စည်းတွေကို လေ့လာတော့ မြန်မာနိုင်ငံမှာ အောက်ပါအတိုင်း တွေ့ကြရပါတယ်။
၁။ အရက် (alcohol)
၂။ ဆေးလိပ်(nicotine)
၃။ ကဖေး( caffeine)
၎။ ဘိန်းအုပ်စုဝင်ဆေးဝါးများ(OTC drugs)
၅။ဆေးဝါးအုပ်စုဝင်ဆေးများကိုအလွဲသုံးခြင်း(prescription drugs)
၆။ ကော်(glue)
၇။ ဆေးခြောက်(marijuana)
၈။ ဆေး(club drug)
၉။ ဘိန်း (opiate)
ရယ်လို့ တွေ့ရမှာဖြစ်ပါတယ်။
တကယ်တော့ မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများအန္တရာယ် ကို သတိထားဖြစ်ပေမဲ့လို့ သည် ကော်ရှူခြင်းစတဲ့ အခြားကိစ္စရပ်များကို သတိထားမိဖို့ခဲယဉ်းပါတယ်။
ဒါပေမဲ့လည်း သည်အလေ့အထဟာ ကမ္ဘာအနှံ့ကို တိတ်တဆိတ် silent epidemic အနေနဲ့ပျံ့နှံ့လာခဲ့တာကိုတော့ အလေးတယူ သတိထားရမဲ့ ကိစ္စ ဖြစ်ပါတယ်။
မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဆေးဝါးနဲ့အရာတွေကို ဘယ်သို့ သုံးစွဲကြတယ် ဘယ်လိုစွဲကြရတယ်ဆိုတာကိုတော့ အဆင့် ငါးဆင့်နဲ့ (five stages of substance Abuse )ရယ်လို့ ပညာရှင်တို့ အောက်ပါအတိုင်း ရှင်းပြလေ့ရှိပါတယ်။
၁။ ရလွယ်သော ပစ္စည်းဖြစ်ရမယ်။ (Access to substance use.)
၂။ စမ်းသပ်သုံးစွဲခြင်း စူစမ်းလေ့လာလိုစိတ်နဲ့ သုံးစွဲလေ့ရှိကြရာမှ စပါသတဲ့။(Experimentation)
၃။ သည်ကတဆင့် ကောင်းသော စွဲမက်ဖွယ် တဒင်္ဂရသကို တွေ့ရှိခဲ့ကြတယ်။ (Discover the benefit of substance used.)
၎။ သည်ကတဆင့် ပုံမှန်သုံးစွဲသူဖြစ်လာရတယ်။ (Regular substance use)
၅။ နောက်ဆုံးတော့ မသုံးရမနေနိုင်သော ဆေးစွဲသူတွေဖြစ်လာကြရပါသတဲ့။ (Drug dependence.)
ကော်ရှူခြင်း အလေ့အထကို ကမ္ဘာမှာ အစောဆုံး သတိထားမိခဲ့ကြတာကတော့ ၁၉၅၉ နှစ်လွန်ကာလတွေမှာ စခဲ့တယ်လို့ စာတမ်းအချို့က ဆိုပါတယ်။
သည့်နောက်ပိုင်းမှာ ဆယ်ကျော်သက်တွေအကြား ဖြည်းဖြည်း ပျံ့နှံ့ရော က်ရှိခဲ့ကြောင်း သည်ခေတ်က အနောက်တိုင်း သတင်းစာများမှာ တွေ့ရပါတယ်။
၁၉၆၁ ကနေ ၁၉၆၅ အတွင်းမတော့ epidemic အသွင် Denver မှာ ပျံ့နှံ့ခဲ့ပြီး သည်ကတဆင့် အမေရိကန်ပြည်ထောင်စုရဲ့ အခြားဒေသ ဖြစ်တဲ့ New York နဲ့ Sau lake city စတဲ့ မြို့တွေကို ကူးစက်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှမှာတော့ ၁၉၇၇ မှာ စင်ကာပူမှာ ပထမဆုံး case ကို တွေ့ရပြီး ၁၉၈၇မှာတော့ စုစုပေါင်း ကော်ရှူသူ ၁၁၁၂ ဦး တွေ့ရှိရပြီး ပြဿနာဟာ အမြင့်ဆုံး အခြေအနေရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ခန့်မှ စပြီး ထိုင်း မြန်မာ နယ်စပ်တစ်လျှောက်မှာ စတင်သုံးစွဲခဲ့ပြီး ထိုင်း မြန်မာနယ်စပ်မှတဆင့် တာချှီလိတ် ခရိုင်သို့ ပျံ့နှံ့ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
သည်ကော်ရှူမှုအလေ့အထဟာ မြန်မာ လူငယ်ထုအကြား ပျံ့နှံ့ရောက်ရှိမှု နှေးကွေးသော်လည်း လက်တည့်စမ်းသုံးစွဲကြရာမှ ဂရုပြုမိလာ စမ်းသပ်မိလာကြရာမှတဆင့် တဖြည်းဖြည်း စိမ့်ဝင်ပျံ့နှံ့ခဲ့သည်ဟု ဆိုနိုင်ပါတယ်။
ကော်ရှူသုံးစွဲမှုကိုမြန်မာနိုင်ငံအတွင်း ၂၀၁၂ ဇွန်လအတွင်း လားရှိုးမြို့တရုတ်စာသင်ကျောင်းမှ လူငယ်များသုံးစွဲကြောင်း ပထမဆုံး သတင်းရရှိခဲ့ကြောင်း မှတ်တမ်းမှတ်ရာများအရ သိရပါတယ်။
ထိုမှတဆင့် လားရှိုး မြဝတီ ကော့သောင်း ပြင်ဦးလွင် ရန်ကုန် မန္တလေး တို့တွင် ကော်ရှူသုံးစွဲမှု တွေ့ရှိကြပြီး နောက်ပိုင်းတစ်နိုင်ငံလုံးသို့ တိတ်တဆိတ် ပျံ့နှံ့ရောက်ရှိလာခဲ့ပါ၏။
တကယ်တော့ ကော် ဆိုသည်မှာ toulene,Acetone,Methyl Ethyl Ketone, Ethyl Acetone ဆိုသည့် အက်ဆစ်လေးမျိုးအား tinner နှင့် Rubber Powder များဖြင့် အချိုးကျပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။
သည်ကော်ရှူသုံးစွဲခြင်းရဲ့ အာနိသင်တွေကတော့
ခေါင်းမူးခြင်း၊
အာလေး လျှာလေးလာခြင်း၊
ခန္ဓာကိုယ်လှုပ်ရှားမှု မထိန်းနိုင်ခြင်း၊
ပြင်ပမှ မရှိသော အသံများ ကြားယောင်လာခြင်း၊
ယုံမှားသံသယစိတ်ဝင်လာခြင်း၊
လက်တွေ့လောကနှင့်ကင်းကွာခြင်း၊
ကြောင်တောင်တောင်ဖြစ်ခြင်း၊
ထပ်ကာထပ်ကာ သုံးစွဲပါက အသိစိတ်နှင့် ကင်းလွတ်ခြင်း၊
စိတ်တိုလွယ်ခြင်း စတဲ့ အာနိသင်တွေ ရှိပါတယ်လို့ ဆိုပါတယ်။
သူတို့ ကော်ရှူသုံးစွဲကြရခြင်းအကြောင်းရင်းတွေကတော့
လမ်းပေါ်မှကလေးများ ဆာလောင်မှု သက်သာစေရန်၊
စမ်းသပ်စူးစမ်းလိုစိတ်ဖြင့် စမ်းသပ်သုံးစွဲခြင်း၊
စိတ်ခံစားမှု တဒင်္ဂ တက်ကြွစေခြင်း၊
မူးယစ်ဆေးဝါး အစားထိုး သုံးစွဲခြင်း၊
မူးယစ်ဆေးဝါးကဲ့သို့ ဖမ်းဆီးခံရမည်ကို စိုးရိမ်ရန် မလိုအပ်ခြင်း၊
အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း၊
တန်ဖိုးနည်းခြင်း စတဲ့အကြောင်းရင်း တွေ တွေ့ရမှာဖြစ်ပါတယ်။
ကော်အမျိုးအစားအားဖြင့် ပိုက်ဆက်ကော် သစ်သားကပ်ကော် တာယာဖာကော် စသဖြင့် အမျိုးအစား များလှသလို သုံးစွဲရာမှာလည်း နည်းလမ်းစုံလင်ပါတယ်။
လက်ဝါးထဲထည့် ရှူခြင်း
ပလတ်စတစ်အိတ် သို့ ကျွတ်ကျွတ်အိတ်အတွင်း ရေ အနည်းငယ်နှင့် ကော်လက်ညိုး တကော်ခန့်ထည့်၍ ပွတ်ချေကာ ထွက်လာသော အနံ့ကို အိတ်ဖောင်းအောင်လုပ်ပြီး အိတ်အတွင်းရှိ လေကုန်အောင်ရှူခြင်း
စသဖြင့် စုံလင်သလို ကော်တစ်ကြိမ်ထည့်ပြီးပါက ငါးကြိမ်လောက်အထိ ရှူနိုင်တာကလည်း သူတို့အတွက် opportunity ဖြစ်လို့ တွက်ခြေကိုက်တယ်လို့ ဆိုကြပါတယ်။
ကော်ရှူခြင်းရဲ့ ရသကတော့ တဒင်္ဂ မူးယစ်ရီဝေ စေတယ်လို့ ဆိုပါတယ်။ ဘာလုပ်လုပ် မတွန့်ဆုတ်ဘူးလည်း ဆိုကြပါတယ်။ ရှူရှိုက်ပြီးတာနဲ့ ရုတ်ချည်း စည်းစိမ်တွေ့တယ်လို့ ထင်ယောင်မှား အသိသညာ ဝင်စေတတ်ပါသတဲ့။ ဆယ်ကျော်သက်အချို့ကတော့ လုံခြုံ စိတ်ချရမှုကို ခံစားကြရတယ်လို့ လွဲမှား ယုံကြည်ကြကြောင်း ဆိုပါတယ်(Johnson et al.2002).
ဘာကြောင့်များ ကော်ရှူတာ စွဲမက်စေလဲဆိုတာကိုတော့ အောက်ပါအချက်တွေကြောင့်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။
very quick acting
cheap
available
legal
peer pressure
unaware of dangers
hard to detect.
ဘယ်သူတွေ ဟာ အန္တရာယ်အရှိဆုံးလည်းဆိုတာကိုတော့ အောက်ပါအတိုင်း တွေ့ရပါတယ်။
လမ်းပေါ်က ကလေးတွေ။ (street children)
အသိပညာ နောက်ခံ လူမှုစီးပွားရေး နိမ့်ကျသူတွေ (lower socioeconomic background)
ငယ်စဉ်ဘဝမှာ အဖိနှိပ်ခံခဲ့ရသော အမျိုးသမီးငယ်တွေ (background of childhood abuse in female)
အသက် ၁၂ ကနေ ၁၇နှစ်အကြား ကလေးတွေ
မိမစုံ ဖတကွဲ ကလေးတွေ (single parent families)
မိဝေး ဖကွာ နေကြရရှာသော ကလေးတွေ (not currently living along with their families)
ကျောင်း ပညာရေး ပုံမှန် တက်ခွင့် မရခဲ့သူတွေ (never attend formal education)
မိသားစု လူနေမှုစနစ် အပြင်ဖက်ရောက် အထီးကျန်နေတတ်သူတွေ (isolated from their family and community)
လမ်းပေါ်က ကလေးဆိုရာမှာ
children on the street; (လမ်းပေါ်မှာ အလုပ်လုပ်သော်လည်း တောင်းရမ်းစား အလုပ် ကျဘမ်းလုပ်သော်လည်း ) လမ်းပေါ် မှာ မနေသူ အိမ်ပြန်အိပ်နိုင်သူ
children of the streets; လမ်းပေါ် အိပ် လမ်းပေါ် စား ကလေးတွေ
completely abandoned and neglected children; ၄င်းတို့ ၏ စိတ်ပိုင်းဘဝ ကိုရော ရုပ်ပိုင်းဆိုက်ရာ ဘဝကိုပါ လျစ်လျူရှု အစွန့်ပယ်ခံ ကလေးတွေရယ်လို့ ထပ်မံခွဲခြားနိုင်ပါတယ်။
သည်ကလေးတွေအကြား သည်ကော်ရှူအလေ့အထ ဟာ ဘာကြောင့် အလွယ်တကူ ပျံ့နှံ့ခဲ့ကြရပါသလဲ။
၁။ သည်ကလေးတွေဟာ မူးယစ်စေတတ်တဲ့ အရာတွေနဲ့ ခံစားမှုတွေအလုံးစုံသိပေမဲ့လို့ ၄င်းတို့ရဲ့ အဆိပ်သင့်ပုံနှင့် ဆိုးကျိုးတွေကို မသိကြပါဘူး။
၂။ ရောင်းချဖြန့်ဝေမိနေသူတွေကလည်း သည်အလွဲသုံးမှုတွေနဲ့ ဆိုးကျိုးတွေကို နည်းနည်းလေးပဲ သိကြပါတယ်။
၃။ မိဘတွေကတော့ သည်အလေ့အထနဲ့ ပြဿနာကို လုံးဝ မသိသလို အလေးအရာယူလို့ သတိထားရမယ်ဆိုတာ မသိကြပါဘူး။
၎။ အသိပေး ခြင်းဟာ အကောင်းဆုံး ကာကွယ်ခြင်း (awareness is the key to prevention)ဆိုတာ အလေးထားမှု မရှိခဲ့ကြတာကလည်း သည်အလေ့အထဟာ silent epidemic အသွင် စိမ့်ဝင်ပျံ့နှံ့ခြင်းရဲ့ အရင်းခံ ပြဿ နာဖြစ်စေခဲ့ပါတယ်။
ကော်ရှူခြင်းရဲ့ စွဲနေသော လက္ခဏာနဲ့ ဆေးပြတ်လက္ခဏာများကိုတော့ အောက်ပါအတိုင်း တွေ့ရပါတယ်။
Tremors
Irritability
Insomnia
Delirium
Tingling Sensations
Seizures
Muscle Cramps
Anxiety.
ရုပ်ပိုင်းဆိုင်ရာ ဆေးပြတ်ခြင်း လက္ခဏာတွေကိုတော့ သုံးစွဲအပြီး နာရီပိုင်းမှသည် ရက်ပိုင်းအတွင်းမှာပဲသိနိုင်တယ်လို့ စမ်းသပ်ချက်အချို့က ဆိုပါတယ်။ (Brouette and Anton 2001)
ကော်မှာပါသော toluene ရဲ့ ဂုဏ်သတ္တိကတော့ aromatic hydrocarbon methylbenzene ဖြစ်ပြီး စေးပျစ်မှုနည်းသော အငွေ့ပျံနိုင်စွမ်းမြင့်မားသော အရည်တစ်မျိုးဖြစ်တယ်။ ၄၀ ကနေ ၆၀% ဟာ အသက်ရှူလမ်းကြောင်းအတွင်း စိမ့်ဝင်စုပ်ယူတယ်။ အရေပြားက စုပ်ယူတာမြန်ပေမဲ့ အစာလမ်းကြောင်းကစုပ်ယူတာနှေးကွေးတယ်။ တစ်ကြိမ်တစ်ခါ စုပ်ယုပြီးတာနဲ့ အဆီလွှာမှာ ပဏာမမြင့်မားစွာ စုဝေးနေတတ်ပြီး ၄င်းကတဆင့် ရိုးတွင်းခြင်ဆီ၊ သက်စောင့် ဟိုမုန်းများထုတ်ပေးသည့် adrenal glands ၊ ကျောက်ကပ်များ၊ အသည်း၊ ဦးနှောက် နှင့် သွေးများဆီသို့ ကျယ်ပြန့်စွာ ရောက်ရှိစေတယ်လို့ ဆိုပါတယ်။
၂၀ ကနေ ၄၀ % သော စုပ်ယူထားတဲ့ toluene တွေဟာ အသက်ရှူထုတ်တဲ့အချိန်မှာ သည်အတိုင်းဓာတ်ပြောင်းလဲခြင်းမရှိဘဲ စွန့်ထုတ်ပြီး ၂၄နာရီအတွင်းမှာပဲ အားလုံးဟာ စွန့် ထုတ်ပြီးစီးတယ်လို့ ဆိုပါတယ်။
သည်ရှူသွင်းလိုက်တဲ့ အငွေ့ဟာ ခန္ဓာကိုယ်အပေါ် ဘာတွေ သက်ရောက်စေခဲ့ပါသလဲ ဆိုတော့ အဆီမှာပျော်ဝင်သော အငွေ့ဖြစ်သည့်အားလျော်စွာ ဆဲလ်နံရံတွေနဲ့ ဆဲလ်တွေကို ပျက်စီးစေပါတယ်တဲ့။
ခန္ဓာကိုယ်တွင်းက လှုံ့ဆော်မှု ထိန်းချုပ်စနစ်အပေါ် သက်ရောက် ပျက်စီးနှောင့်နှေးစေပါသတဲ့။ အာရုံခံ အင်္ဂါတွေနဲ့ လက်ခံသော စနစ် GABA neurotransmitters and its effect on GABA-A receptors အပေါ် ငက်ရောက်နှောင့်နှေးပျက်စီးစေပါသတဲ့။ဗဟို အာရုံ ကြောစနစ်နဲ့ အာရုံခံစနစ်တွေအပေါ် အဆုံးစွန်နှောင့်ယှက် ပျက်စီးစေတယ်လို့ဆိုကြပါတယ်။
အန္တရာယ်လက္ခဏာတွေကတော့ စကားမပီမသဖြစ်လာခြင်း၊ အသက်ရှူထုတ်စဉ်နှင့် အဝတ်အစားတွေမှာ သည်ဓာတုပစ္စည်းအနံ့တွေ ရလာခြင်း ၊ ခန္ဓာကိုယ်နှင့် မျက်နှာတွေမှာ ကော်စက်တွေ တွေ့လာခြင်း ၊ မျက်လုံး နှာခေါင်းနီလာခြင်း (red eyes and runny nose not related to medical conditions such as cold ir allergies)၊ ကျောင်းတွင်းသင်ခန်းစာများ နှင့် အားကစားလှုပ်ရှားမှုများ မလုပ်နိုင်တော့ခြင်းတို့ကို တွေ့ရမှာဖြစ်ပြီး 3 D ဖြစ်တဲ့ drunk,dizzy or dazed appearence ကိုတွေ့ရမှာဖြစ်ပါသတဲ့။
လတ်တလော သေဆုံးနိုင်တဲ့ အကြောင်းရင်းတွေကတော့
suffocation
asphyxiation
and sudden sniffing death (SSD)တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သည်အန္တရာယ်အတွက် အဖြေက ဘာလဲ။
စိတ်ဝင်စားစရာကောင်းပါတယ်။ သည်အခြေအနေမဲ့ကလေးတွေ သည်အသိပညာနဲ့ လူမှုစီးပွားအောက်ဆုံးအလွှာက ကလေးတွေကို ထောင်ချရုံနဲ့ ပြီးမသွားသလို ရောင်းသူတွေကို ပိတ်ပင်ရုံနဲ့လည်း မပြီးပါဘူး။ တားဆီး ကာကွယ်ရေး အတွက် level အဆင့်ဆင့်ကို အဆင့်အသီးသီးက လုပ်ဆောင်ကြရမှာ ဖြစ်တယ်။
အကောင်းဆုံး ကတော့ လူမှုဝန်ထမ်းတွေ လမ်းပေါ်က ကလေးတွေအတွက် အသိပညာနဲ့ ဥာဏ်ရည်မြင့်မားလာဖို့ လုပ်ဆောင်တာပဲရယ်လို့ ဆိုပါတယ်။ (social workers reach out to the kids through street education.) သည်အတွက် အားထုတ်ခဲ့သူတွေ ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ ဆောင်ရွက်နေဆဲ လူမှုရေး လုပ်ငန်းလုပ်ဆောင်နေသူတွေကို အားပေးဖို့လိုပါတယ်။
သည်ကလေးတွေအတွက် ထိရောက်သော အထောက်အပံ့နဲ့ ပညာ ဘေးကင်းလုံခြုံမှု ဘဝ နေရေးတို့အတွက် အစီမံတွေ လိုအပ်ပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတာအတွက် တဲအိမ်လေးတွေ ကျူးကျော်တဲတွေ ဖြိုဖျက်တာထက် သာတဲ့ အစီအမံတွေလိုသလို
အနာကြီးရောဂါပပျောက်ဖို့ ထောက်ကြံ့က လူနာတွေကို လှည်းကူးအလွန် ငှက်ဖျားပေါတဲ့ တောထဲ နှင်လွှတ်လို့ ငှက်ဖျားမိပြီး သေကုန်လို့ ပပျောက်တာမျိုးလည်း မဖြစ်ဖို့လိုပါတယ်။
ဆိုလိုတာက သည်ကလေးတွေကို ထောင်ချရုံနဲ့ သည်ကလေးတွေ လမ်းမှန်ရောက်လာမှာမဟုတ်သလို သည်အလေ့အထကလည်း ပပျောက်သွားမှာမဟုတ်ပါဘူး။
ပေါ်လစီနဲ့ ဥပဒေရှုထောင့်က ရောင်းချသူတွေကို ၄င်းတို့ကိုယ်တိုင် သည်ကော်ရှူခြင်းအန္တရာယ်ကို သိရှိပြီး အလိုလျောက် အလွဲသုံးသူတွေကို ကန့်သတ်ရောင်းချလာဖို့ စည်းရုံးသိမ်းသွင်းကြရပါလိမ့်မယ်။
စင်ကာပူနိုင်ငံမှာတော့ ကော်ရှူခြင်းကို ရဲအရေးပိုင်သော ရာဇဝတ်မှု အဖြစ် သတ်မှတ်ထားပါတယ်။ သြစတြေးလျမှာတော့  သည်အန္တရာယ်ကို သိပါလျက်နဲ့ ကော်ရောင်းဝယ်သူတွေကို ဒေါ်လာ ၁၂၀၀၀ အထိဒဏ်ငွေဖြစ်စေ ၁၂ လအထိသော ထောင်ဒဏ်ကိုဖြစ်စေ ကျခံရမည်လို့ Section 206 of the western Australlia Criminal Code မှာ ပြဋ္ဌာန်းထားပါတယ်။ ကလေးကို ရောင်းချသူတွေကိုတော့ သည်ထက်ပိုတဲ့ ပြစ်ဒဏ်တွေ ပြဋ္ဌာန်းထားတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ သည်ကော်ရှူခြင်းအလေ့အထကို အရေးယူနိုင်ဖို့အတွက် သီးခြားဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ မှ စီမံခန့်ခွဲမှု စနစ်အရ လူငယ်များအတွင်း ကော်ရှူသည့်အလေ့ အထ မပြန့်ပွားစေရေးအတွက် ကြိုးပမ်းကြဖို့လိုအပ်ပါတယ်။
prevention မှာ Education is the most valuable approach ပညာပေးခြင်းသည် အဖိုးထိုက်ဆုံးနည်းလမ်းရယ်လို့ ဆိုတဲ့အတွက်
ပညာရေး ဌာနအနေနဲ့လည်း မူလတန်းသင်ရိုးမှသည် ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ရိုး ညွှန်းတမ်းတွေမှာ အဆင့်အလိုက် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သင်ခန်းစာတွေထည့်သွင်းသင်ကြား ပေးနေပါတယ်လို့ သည်ကော်ရှူခြင်းအလေ့အထ တားဆီးကာကွယ်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲမှာ တင်ပြခဲ့သလို လူမှုဝန်ထမ်း ဦးစီးဌာနကလည်း ၄င်းတို့ဌာနအနေဖြင့် ကလေးသူငယ်များအား ပြန်လည်ပျိုးထောင်မည့် အစီမံများ ကုလကွန်ဗင်းရှင်းများမှာ ပါဝင်သဘောတူထားချက်များ၊ လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ပါတယ်။
အအောင်မြင်ဆုံးသော ကာကွယ်မှု နည်းလမ်းမှာတော့ ကျောင်းအခြေပြု တားဆီးကာကွယ်ရေး(comprehensive school health education) ရယ်လို့ ဆိုပါတယ်။ ၄င်းမှာ multiple years of programming,interactive methods,development of skills , peer to peer activities, providing information on risks စတဲ့ အဆင့်တွေ ပါတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးအမျိုးအစားတွေနှင့် သုံးစွဲရခြင်းအကြောင်းတွေကို လေ့လာတော့ ကော်ရှူသူတွေဟာ စိတ်ဖိစီးတင်းကြပ်မှုကို လျှော့ချလိုခြင်းကြောင့်ရယ်လို့ ဖြေကြတယ်လို့ဆိုပါတယ်။
မကြာသေးခင်က ဒေသဆိုင်ရာစီမံချက်နဲ့ ဖမ်းဆီးအရေးယူခဲ့ရာမှာ အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်အကြား ကလေးတွေပါပါခဲ့ပြီး သည်ထဲက အသက်ပြည့်သူ တွေကိုတော့  စီမံချက် အရ ထောင်ဒဏ်တစ်လအထိ ချမှတ်နိုင်သော ဒေသဆိုင်ရာဥပဒေပုဒ်မ ၁၈၈ အရ တရားစွဲခဲ့ပါတယ်လို့သိရပါတယ်။
သည်ကလေးအများစုက အောက်ဆုံး လက်လုပ်လက်စား ပန်းရံ အလုပ်သမားတွေ၊ အခြေနေမဲ့ ကလေးသူငယ်တွေဖြစ်တယ်လို့သိရပါတယ်။
ကော်ရှူစွဲနေသူ ဟာ လူမှုရေး မိသားစု နဲ့ စီးပွားရေးပြဿနာတွေနဲ့ တွဲနေလေ့ရှိလို့ ၄င်းကို ကုသဖို့ခက်ခဲပါတယ်။ အချိန်ကာလ နှစ်နှစ်အထိ ကြာမြင့်နိုင်တဲ့ပြင် လပေါင်းများစွာကြာသည်အထိ အာရုံခံအင်္ဂါတွေ ပျက်စီးနေနိုင်တယ်လို့ ဆိုပါတယ်။ သည့်အတွက်စွဲလန်းမှုမဖြစ်ခင် သည်အလေ့အထကို ပျောက်ကင်းအောင် မိမိဘာသာ ဖြတ်တာက အကောင်းဆုံးဖြစ်ပါတယ်။
အချုပ်အားဖြင့် လူငယ်ထုအကြား တိတ်တဆိတ်ပျံ့နှံ့ရောက်ရှိလာသော သည်ကော်ရှူခြင်းအန္တရာယ်ကို လူတစ်ဦးတစ်ယောက် မိသားတစ်စု အဖွဲ့အစည်းတစ်ခု ဌာနတစ်ခုနှင့်သာဆိုင်သော ပြဿနာ မဟုတ်မူဘဲ တစ်မျိုးသားလုံးအတွက် ခြိမ်းခြောက်လာသော အန္တရာယ်အဖြစ် အရေးတယူ ဂရုပြုလျက် တားဆီးကာကွယ်သင့်ပါကြောင်း။
ကျမ်းကိုး
ကော်ရှူမှုတားဆီးကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲမှ မှတ်စုများ။
ကျေးဇူးမှတ်တမ်း။
၎င်းမှတ်စုများ စုဆောင်းပေးပါသော Dr Khin Zaw, Dr Kyaw အားလည်းကောင်း
၎င်းအကြောင်းအရာကို ရှာဖွေဖတ်ရှူဖြစ်အောင် လမ်းညွှန်ပေးပါသော အစ်မ Dr Thandar အားလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း။
ဆောင်းပါးတစ်ခုလုံးကို အချက်အလက် စုံစုံလင်လင် လူစိတ်ဝင်စားအောင် ရေးပေးသော ဆရာ Ko Yoe (ဆေး) ကိုလည်းကျေးဇူးတင်ရှိပါသည်။
photo - Myo Zaw
No comments:
Post a Comment