(ဆရာဦးတင်ညွန့််ထံမှ ပြန်လည်ဖော်ပြပါသည်။)
အင်္ဂလိပ်ရုက္ခဗေဒပညာရှင်အုပ်စုတစ်စုသည် အဲလ်ပ်တောင်တန်းတွင် ရှားပါးပန်းမျိုးစိတ်များ စုဆောင်း လေ့လာရန် ရောက်ရှိလာကြသည်။ တစ်နေ့နံနက်ခင်းတွင် သူတို့သည် ချောက်ကမ်းပါးဘေးတွင် တည်ထားသည့် ရွာလေးတစ်ရွာသို့ရောက်လာကြသည်။ စိမ်းလန်းသည့် တောင်ကြောတစ်လျှောက် လိုက်လံ လေ့လာကြပြီး သူတို့မမြင်ဖူးသည့် ပန်းခင်းကြီးတွေကို ငေးမောအံ့ဩနေကြသည်။ ထိုစဉ် ကျောက်ဆောင်နံရံ၌ ကပ်ပေါက်နေသည့် ပန်းတစ်မျိုးကို သတိထားမိလိုက်သည်။ ထိုပန်းသည် ချောက်ကမ်းပါးအောက် ပေရာနှင့်ချီပြီးဝေးသည့်နေရာ ကျောက်နံရံတွင်ကပ်ပေါက်နေခြင်းဖြစ်သည်။ အောက်သို့ဆင်းပြီး ခူးရန်လည်း မလွယ်ပေ။ ပန်းကိုလည်းလိုချင် ခူးရန်လည်းအချိန်အများကြီး လင့်နေပြီဖြစ်သဖြင့် စိတ်ပျက်နေကြသည်။
ထိုစဉ် ချာတိတ်လေးတစ်ယောက်ရောက်လာပြီး သူတို့ ပြောသမျှကို စိတ်ဝင်စားစွာနားထောင်နေလေသည်။ လူတစ်ယောက်က ချာတိတ်လေး ဘက်သို့လှည့်လိုက်ပြီး
“ချာတိတ် မင်းခါးမှာကြိုးချည်ပြီး တောင်အောက်ကိုချပေးမယ်လေ။ မင်းအဲဒီပန်းကို ယူလာပေးနိုင်ရင် တို့ ဒေါ်လာ ၅၀ ပေးမယ်”ဟုပြောလိုက်လေသည်။
ကောင်လေးသည်တွေဝေသွားပြီး ပြေးထွက်သွားလေတော့သည်။ ကြိုးချည်ပြီး အောက်ချပေးမည်ကို ကြောက်သွားဟန်တူသည်။ သို့သော် ခဏအကြာတွင် သူပြန်ရောက်လာသည်။ သူနှင့်အတူ အဖိုးအို တစ်ယောက်ကို ခေါ်လာသည်။ အဖိုးကခါးကိုင်းပြီး ဆံပင်တွေလည်း အတော်လေးဖြူနေပြီဖြစ်သည်။ လက်တွေကကြမ်းတမ်းနေပြီး အသားမာတွေတက်နေသဖြင့် အလုပ်ကြမ်းသမားကြီးဟု ယူဆရသည်။ လူအုပ်ဆီသို့ ပြန်အရောက်တွင် လူငယ်ချာတိတ်လေးက သူ့ကိုအလုပ်ပေးရန်ကမ်းလှမ်းသူထံသွားပြီး
“ဒါကျွန်တော့်အဖေပါ။ အဖေသာကြိုးကိုင်ပေးမယ်ဆိုရင် ကျွန်တော်တောင်အောက်ကို ဆင်းပေးပါ့မယ်”ဟု ပြောလိုက်လေသည်။
သားတိုင်းသည် သူတို့အဖေများထက် မည်သူ့ကိုမျှမယုံကြည်နိုင်ဆိုသည့်သဘောကို ကျန်လူများ သဘော ပေါက်ချင်မှ ပေါက်မည်ဖြစ်သည်။ ကျွန်တော်ကတော့ သူဘာကြောင့် သူ့အဖေကိုပြန်ခေါ် ရသည်ကို သိလိုက်သည်။ ယုံကြည်မှုဆိုသည်မှာ အကောင်းဆုံး အလုပ်လုပ်စေနိုင်သည့် စွမ်းအားတစ်ခုပင်ဖြစ်သည်။ အဖေက သူ့သား၏အစွမ်းကို စိတ်ချယုံကြည်သလို၊ သားကလည်းအဖေ့ အတွေ့အကြုံများအပေါ်တွင် လုံးဝ မှီခိုအားထားသည်မှာ လက်တွေ့ဖြစ်ပါသည်။
၁၇.၅.၂၀၁၅
No comments:
Post a Comment