Wednesday, March 25, 2015

ဒါနအမျိုးမျိုး အကျိုးအထွေထွေ(၁)



ဒါနအမျိုးမျိုး အကျိုးအထွေထွေ(၁)
. . . . . . . . . . . . . . . . . . . . . .
ဗုဒ္ဓဘာသာဝင်အတော်များများဟာ အလှူဒါန အမျိုးမျိုးကို ပြုလုပ်လှူဒါန်းလေ့ရှိကြပါတယ်။
ဒါနပြုကြရာမှာ ပါရမီမြောက်အောင်ပြုခြင်း
ကုသိုလ်ဖြစ်အောင်ပြုခြင်း နဲ့
ထင်ရှားကျော်ကြားလိုမှုကြောင့်ပြုလုပ်ခြင်း ဆိုပြီး ခွဲခြားနိုင်ပါတယ်။
-ပါရမီမြောက်အောင်ပြုခြင်းဆိုသည်မှာ အချက်(၃)ချက်နဲ့ပြည့်စုံရပါမယ်။ မည်သည့်အလှူဒါနကိုပဲပြုပြု နိဗ္ဗာန်ဦးတည်ပြီးပြုလုပ်ရပါမယ်။
အလှူဒါနပြုရာမှာ တစ်ပါးသူရဲ့အကျိုးကိုသာကြည့်ပြီးပြုလုပ်ရပါမယ်။
မိမိအကျိုးကိုလုံးဝမငဲ့ကွက်ရပါဘူး။
အဲဒီလိုအချက်၃ချက်နဲ့အညီပြုမှ ပါရမီမြောက်တဲ့အလှူဖြစ်မှာပါ။
-ကုသိုလ်ဖြစ်အောင်ပြုခြင်းဆိုတာကတော့ နိဗ္ဗာန်ကိုဦးတည်ပြီးပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ လောကီအကျိုးကို မျှော်မှန်း၍ပြုလုပ်ခြင်းဖြစ်ပါတယ်။ စည်းစိမ်ချမ်းသာကို မျှော်ကိုး၍ပြုလုပ်ခြင်းမျိုးဖြစ်ပါတယ်။
-ထင်ရှားကျော်ကြားအောင်ပြုလုပ်ခြင်း ဆိုသည်မှာတော့ အလှူတစ်ခုပြုလုပ်ရာမှာ နိဗ္ဗာန်ကိုလည်း ဦးမတည်၊ ကုသိုလ်ရဖို့ကိုလည်း အဓိကမထားဘဲ ထင်ရှားကျော်ကြားလိုစိတ်ဖြင့် လှူခြင်းမျိုးဖြစ်ပါတယ်။ အလှူတွေအများကြီးလုပ်ပြီး လူအများကြားမှာ နာမည်ကြီး ထင်ရှားလိုစိတ်၊ "သူဒီလောက်လှူရင် ငါကသူ့ထက်သာအောင်လှူမယ်" ဆိုတဲ့
ဂုဏ်တုဂုဏ်ပြိုင်စိတ်မျိုးနဲ့ လှူတဲ့အလှူမျိုးပါ။
ဒီလိုဒါနမျိုးဆိုလျှင် အများကြီးလှူပေမယ့် လှူသလောက်အကျိုးရရှိနိုင်မှာမဟုတ်ပါဘူး။
"ညောင်ပင်ကြီးလောက်လှူပေမယ့် ညောင်စေ့လောက်တောင် ကုသိုလ်မရဘူး"ဆိုတဲ့စကားလိုပါပဲ။
ကုသိုလ်ဖြစ်အောင်လှူတဲ့ဒါနရဲ့ အကျိုးကတော့ မိမိလှူလိုက်တဲ့ပစ္စည်းနဲ့ မိမိရဲ့သဒ္ဒါတရားပေါ်မူတည်ပြီး ထိုက်သင့်တဲ့အကျိုးတော့ ရနိုင်ပါတယ်။
ပါရမီမြောက်အောင်လှူတဲ့အလှူကတော့ အကျိုးအများဆုံးပါပဲ။ "ညောင်စေ့လောက်လှူပေမယ့် ညောင်ပင်ကြီးလောက် ကုသိုလ်ရမယ့် အလှူမျိုးပါ"
ပါရမီမြောက်အောင်လှူတတ်ရင် ကျန်တဲ့ အကျိုးတွေပါပြည့်စုံသွားမှာပါ။
မိမိအလှူက အကျိုးပေးတဲ့အတွက် လောကီစည်းစိမ်လည်းရမယ်။
တတ်နိုင်လို့များများလှူတယ်ဆိုရင်လည်း ထင်ပေါ်ကျော်ကြားခြင်းနဲ့လည်း ပြည့်စုံနိုင်ပါတယ်။
အဲဒါကြောင့် ပါရမီမြောက်အောင်လှူကြဖို့လိုပါတယ်။
မည်သည့်အလှူပဲဖြစ်ဖြစ် နည်းသည်များသည်မဆို ပါရမီမြောက်တဲ့အလှူဖြစ်အောင် နိဗ္ဗာန်ကိုဦးတည်၊သူတစ်ပါးအကျိုးဖြစ်ထွန်းမှုကိုပဲအလေးထား၊မိမိအကျိုးကိုလုံးဝမငဲ့ကွက်ဘဲ စေတနာ သဒ္ဒါတရား ထက်သန်စွာနဲ့ လှူဒါန်းသင့်ကြပါတယ်။
(နာဖူးတဲ့တရား၊ ဖတ်ဖူးတဲ့စာအုပ်များမှမှတ်သားပြီး ပြန်လည်ရေးသားထားတာပါ)
.
( Thazin Hnin )

No comments:

Post a Comment