Thursday, March 12, 2015

ကျောင်းသားသပိတ် နဲ့အာပလာ


ဆောင်းပါးရှင် ကိုအာပလာ၏ လက်ရာဖြစ်ပါသည်။
ကျောင်းသားသပိတ် နဲ့ အာပလာ
=======================
ကျွန်တော် အရင်ကလဲရေးဘူးပါတယ်။ ပညာရေးဥပဒေကို ပြင်ရမှာ အသေအချာပါဘဲ။ ဒါပေမဲ့ တောင်းဆိုတဲ့ အချက်အချို့က သိပ်သဘာဝ မကျဘူး။ အစစအရာရာ လိုအပ်နေတဲ့တိုင်းပြည်မှာ ဘတ်ဂျက်ရဲ့ ၂၀% သုံးရမယ်ဆိုတာမျိုးပေါ့။ ကျောင်းအဆောက်အအုံ အတွက်ဘဲ အများဆုံးသုံးသွားယင် ဇီးသီးဘန်းဘဲ ဖြစ်သွားမှာပါ။ ပညာရေးကိစ္စက အင်မတန်နူးညံ့လို့ စိတ်ရှည်ဖို့ လိုပါတယ်။
နောက် ကိုယ်ဆွဲပေးလိုက်တဲ့ ဥပဒေကြမ်းကိုဘဲ ချက်ချင်းပြဌာန်းပေးရမယ်လို့ တောင်းဆိုတာဟာ အာဏာရှင်ဆန်တာ တမျိုးပါဘဲ။ ပြောပြန်ရင်လဲ ဆဲကြဦးမယ်။ ဗမာ ( မြန်မာ မဟုတ်ပါ။ ) လူမျိုးအများစုက အာဏာရှင် စံနစ်ကို မသိမသာ သွေးထဲမှာ ကြိုက်နေကြလား မသိပါ။ ကိုယ်အာဏာရှင် မဖြစ်သေးလို့ လက်ရှိအာဏာရှင်ကို တော်လှန်နေသလိုမျိုး ခံစားမိတယ်။ လွတ်လပ်စွာ သဘောကွဲနိုင်ပါတယ်။ ပြန်ကောက်ရယင် ခုခေတ်က ဥပဒေကို လွှတ်တော်ကဘဲ ပြဌာန်းရတယ်။ လွှတ်တော် သဘောတူပြီးလို့ သမတသဘောမတူရင်တောင် နှစ်ပတ်အကြာလားမသိ၊ အလိုလို ဥပဒေဖြစ်ပါတယ်။ လက်ရှိအချိန်ထိလဲ နှစ်ခုလားမသိ ရှိခဲ့ပြီ။
တကယ်က လွှတ်တော် ကြားနာမှုမှာ ဆွေးနွေးနိုင်ရမယ်။ ကိုယ်ပြောလိုတာကို တရားဝင်ဖြစ်အောင် ပြောရမယ်။ သူများက ဝေဖန်အကြံပြုတာကိုလဲ နားထောင်ရဲရမယ်။ မဟုတ်ရင် အရင် စစ်အစိုးရနဲ့ ကိုယ်နဲ့ ဘာခြားတော့မလဲ။ အတူတူနဲ့ အနူနူဖြစ်ကုန်မှာပေါ့။
လွှတ်တော်မှာ အချိန်စွဲနေမှာလို့ အကြောင်းမပြပါနဲ့။ ကျွန်တော်က ပိုစိုးရိမ်ပါတယ်။ အရေးကြီးဆုံးအချက်က ပညာရေးဥပဒေ ပြင်ဖို့ ကြိုးစားတဲ့ အချိန်က လွဲနေပါတယ်။ ဒီအချိန်မှာ ဖွဲ့စည်းပုံပြင်ဖို့က အရေးအကြီးဆုံးပါ။ ဒါသည် အချုပ်ဖြစ်တဲ့အတွက် ဦးစားပေးရပါမယ်။ အမြင့်ဆုံး ကျွန်တော့်ရဲ့ မျှော်လင့်ချက်က ၄၃၆ နဲ့ ၅၉စ ကိုပြင်နိုင်ခဲ့ယင် ပညာရေးဥပဒေ သာမက အခြားဥပဒေများပါ အလွယ်တကူပြင်နိုင်ပါလိမ့်မယ်။ မျှော်လင့်ချက်နော။
ကျွန်တော် ကျောင်းသားတွေဘက်ကိုဘဲ ပြောနေတာ သူတို့ကို အနာဂတ်မှာ မျှော်လင့်လို့ပါလဲ။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်လုပ်ပေးနိုင်နိုင် အလွန်ဆယ်နှစ်ပေါ့။ အဲဒီအချိန်ထိ ဟို ကောင်တွေ မရှိဖို့ လိုတာပါ။ ဒီအတွက် ကျောင်းသားလေးတွေရဲ့ ကြိုးစားမှု စိတ်အားထက်သန်မှုတွေကို အခြေခံဥပဒေ ပြင်ဖို့ဘက်မှာဘဲ သုံးစေချင်ပါတယ်။ ခပ်ရှင်းရှင်းပြောရယင် ဒေါ်စုကိုဘဲ ထောက်ခံအားပေးရပါမယ်။ ဗမာတွေ သွေးကွဲနေရမဲ့ အချိန်လို့မထင်ပါ။ တခြားတိုင်းရင်းသား ညီအကိုတွေလဲ တပါထဲ ပါလာရင်တော့ အကောင်းဆုံးပေါ့ဗျာ။
နိဂုံးချုပ်ရယင် ကျောင်းသားတွေ ဆန္ဒမစောကြပါနဲ့။ အတုမရှိတဲ့ ကျွန်တော်တို့ခေါင်းဆောင် ဗိုလ်ချုပ်တောင် တိုက်သင့်တဲ့အချိန်တိုက်ခဲ့ပြီး ( နှစ်ခါတောင် တိုက်တာနော်၊ ) ဆွေးနွေးသင့်တဲ့အချိန် ဆွေးနွေးခဲ့တာပါဘဲ။ ကျောင်းသားတွေကို အပစ်တင်စရာ မရှိပါ။ ဘယ်သူမဆို လွဲချော်မှုကို ကြုံခဲ့ဘူးတာပါ။ အဲဒီကနေ ရှေ့ဘာဆက်လုပ်ရမလဲ သိရင် အမြတ်ထွက်တာပါလဲ။
ဟို အကြမ်းဖက်သမား အစစ်တွေကိုတော့ ရှုတ်ချပါတယ်။ အစိုးရလုပ်ပြီး လက်နက်နဲ့ အနိုင်ကျင့်တုံးပါ။ ဒီမိုကရေစီ အစိုးရလို့ အမည်ခံနေပေမဲ့ အရင်စစ်အစိုးရရဲ့ အကျင့် မပြင်နိုင်သေးပါ။ တကယ်လို့ ကျောင်းသားတွေမှားတယ်၊ နားမလည်ဘူးဆိုရင်တောင် နားလည်အောင်အထိ ရှင်းပြပြီး ဆွေးနွေးပွဲ ရောက်အောင်အထိ လုပ်ရပါ့မယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကျတော့ တမျိုးကျင့်သုံးသလိုဘဲ။
ဒီအချိန်မှာ အမြတ်ကတော့ လက်ရှိအစိုးရ ဘယ်လိုအစိုးရဆိုတာ ကမ္ဘာက သိသွားတာပါဘဲ။ ပြည်ပသတင်းတွေမှာ တော်တော်ကို မြင်ရပါတယ်။ ပြည်သူတွေကလဲ လာမဲ့ ၂၀၁၅ရွေးကောက်ပွဲမှာ ဘယ်သူကို မဲထည့်ရမှာလဲ ပြတ်ပြတ်သားသား သိသွားလောက်ပါပြီ။ အနည်းဆုံး လွှတ်တော်ထဲက ဆွေးနွေးပွဲမှာ ကိုယ့်ဖက်ကို အနည်းငယ်ဖြစ်ဖြစ် ယိမ်းလာအောင် လုပ်နိုင်ခဲ့တယ် ထင်ပါတယ်။
ဘာဘဲ ဖြစ်နေနေ အရေးအကြီးဆုံးက အခြေခံဥပဒေ ပြင်နိုင်ရေးပါ။ ဒီတခေါက် မမှီယင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက အရေးအကြီးဆုံး ဆိုတာမျက်ခြေမပြတ်ကြပါနဲ့။ ။
အာပလာ

No comments:

Post a Comment