ကျောင်းသားသပိတ်များကို အစိုးရမှ အကြမ်းဖက်ဖြိုခွင်းမှုအား ဆန့်ကျင်သည့်အနေဖြင့် လက်ပတ်ဖြူလှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်၌ မတ် ၁၃ ရက်က စတင် ပြုလုပ်ခဲ့သည်။
မြို့တော်ခန်းမရှေ့၊ လက်ပံတန်းနှင့်လှည်းတန်းတို့တွင် ကျောင်းသားများနှင့် ထောက်ခံသူများကို ရဲတပ်ဖွဲ့မှ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းခဲ့ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများက ထိုသို့လက်ပတ်ဖြူလှုပ်ရှားမှုကို တန်ပြန်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဖြူရောင်ပိတ်စပေါ်တွင်“ We are students,respect our rights ” ဟု စာတန်းရေးနှိပ်ထားသည့် လက်ပတ်များကို အကြမ်းဖက်ခြင်းအား ဆန့်ကျင်သည့် ပြည်သူများက အချင်းချင်း လိုက်လံဝေငှခဲ့ကြပြီး မဟာဗန္ဓုလပန်းခြံတွင် စတင်ခဲ့ကာ ရန်ကုန်မြို့အနှံ့ လိုက်လံလှုပ် ရှားသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီမြို့တော်ခန်းမရှေ့မှာ တာဝန်ဆိုတဲ့ လက်ပတ်နီတွေ ပတ်ပြီးဆန္ဒထုတ်ဖော်တဲ့လူတွေကို အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းတယ်။အဲ့ဒီတည်းက တာဝန်ဆိုတဲ့လက်ပတ်နီတွေကို တန်ပြန်လှုပ်ရှားတာ ဘာရှိမလဲလို့ ကျွန်တော်တို့ စဉ်းစားခဲ့တယ်။အဲ့ဒီတုန်းကတော့ မလုပ်ဖြစ်ခဲ့ဘူး။လက် ပံတန်းမှာ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းတဲ့အချိန်ကစပြီး မဖြစ်မနေ ကျွန်တော်တို့လုပ်ရမယ်ဆိုပြီး လုပ်ဖြစ်တာပါ။သင်္ဘောဆိပ်ကမ်းတို့ ရထားဘူတာတို့မှာပါ ဒီလှုပ်ရှားမှုကို လုပ်မှာပါ။စုစုပေါင်း တစ်ပတ်လောက်လုပ်ပါမယ်” ဟု ကဗျာဆရာ မောင်ဆောင်းခက ပြောကြားသည်။
ကျောင်းသားသပိတ်စစ်ကြောင်းနှင့် ထောက်ခံသူများကို အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းခြင်းကို နယ်ပယ်အသီးသီးမှ ကန့်ကွက်ရှုတ်ချခဲ့ပြီး အမေရိကန်အပါဝင် နိုင်ငံတကာမှလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ ထိုသို့ အကြမ်းဖက်ဖြိုခွင်းမှုကို ဆန့်ကျင် သည့်အနေဖြင့် လက်ပတ်ဖြူလှုပ်ရှားမှုသာမက အနက်ရောင်အဝတ်စား သို့မဟုတ် အနက်ရောင်ပိတ်စကို ရင်ဘတ်၌ ချိတ်ဆွဲထားမှုနှင့် ရင်ဘတ်တွင်နှင်းဆီအဖြူရင်ထိုးအား တပ်ဆင်သည့် နှင်းဆီဖြူလှုပ်ရှားမှုကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ပတ်ဖြူလှုပ်ရှားမှုတွင် ပါဝင်ပူးပေါင်းခဲ့သည့် လူငယ်တစ်ဦးက“ကျွန်တော်တို့ကို ဘယ်သူကမှ အတင်းလိုက်လံ မတိုက်တွန်းဘူး။ဒီအကြောင်းကို ဖေ့ဘွတ်ပေါ်မှာတွေ့လို့ လာပြီးပူးပေါင်းလှုပ်ရှားတာပါ။အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချပါတယ်။လက်နက်ရှိတဲ့လူတွေက လက်နက်မဲ့ကျောင်းသား ပြည်သူတွေကို ရိုက်နှက်တာဟာ အကြမ်းဖက်မှုတစ်ရပ်လို့ပဲ ရှုမြင်တယ်” ဟု ပြောကြားသည်။
.
( Eleven )
.
( Eleven )
No comments:
Post a Comment