လက်ရှိဖြစ်နေတဲ့ တရုတ်ပြသနာနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို နာမည်ရ ဂျာနယ် တစ်ခုက မိတ်ဆွေ အယ်ဒီတာချုပ်က ဖုန်းဆက်မေးလို့ ပြန်ဖြေခဲ့ပါတယ်။
ကျွန်တော်ဖြေခဲ့တာလေးထဲက အရေးပါတဲ့ သဘောထားနဲ့ အချက်အလက်အချို့ကို ကျွန်တော့် မိတ်ဆွေတွေ သိစေချင်လို့ ပြန်လည် ဝေမျှလိုက်တာပါ။
ကျွန်တော် တရုတ်နဲ့ စစ်ဖြစ်ဖို့ တိုက်တွန်းခြင်းလည်း မဟုတ်ပါ။ စစ်ပြင်စေလိုခြင်းလည်း မဟုတ်ပါ။
လက်ရှိ မြန်မာ့တပ်မတော်ရဲ့ အခြေအနေနဲ့ တရုတ်နဲ့ တကယ်တန်း သူတင်ကိုယ်တင် တိုက်ရင် နိုင်နိုင်စရာ အခြေအနေ ဘယ်လိုမှ မရှိပါ။ ဘယ်လိုပဲ ရှေးခေတ်က အောင်မြင်စွာ ခုခံ နိုင်ခဲ့နိုင်ခဲ့ အခြေအနေ အချိန်အခါဆိုတာ ပြောင်းသွားပါပြီ။ လက်ရှိ အသုံးပြုနေတဲ့ စစ်လက်နက်တွေ equipment တွေကစလို့ နောက် အင်အားကစလို့ အားလုံး နောက်ကျနေတဲ့ မြန်မာတပ်တွေအနေနဲ့ အကောင်းဆုံးခုခံနိုင်ခြေရှိသော်လည်း အကျအဆုံးလည်း အလွန်များပါလိမ့်မယ်။ ရလာဒ်ကလည်း နှစ်နိုင်ငံစလုံးအတွက် အခြေအနေ မကောင်းနိုင်ပါ။
ဘာကြောင့်လည်း... ကျွန်တော် ဥာဏ်မှီသလောက် စစ်ရေးလေ့လာသူ ပြည်သူတစ်ဦးအနေနဲ့ ဆက်လက် သုံးသပ်ပြပါဦးမယ်...
အခုပြောချင်တာက... ကျွန်တော်တို့ မြန်မာအစိုးရ မြန်မာခေါင်းဆောင်တွေရဲ့ ဖြစ်စဉ်ကို တုန့်ပြန်နိုင်စွမ်း လျှင်မြန်မှု နည်းပါးတာရယ် ကိုယ့်နိုင်ငံတော် ခေါင်းဆောင်ကို စော်ကား မော်ကား ပြောဆိုတဲ့ အခါမှာ ကိုယ့်ဖက်က ပြန်လည် အောက်ကျို့ရတာရယ်ကို ကျွန်တော် စိတ်မကောင်း ဖြစ်မိတာပါ။
တရုတ်စစ်ကော်မရှင် ဒုတိယ ဥက္ကဌအဆင့်ရှိသူက ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ထံကို တိုက်ရိုက်ဖုန်းဆက်ပြီး သတိပေးအကြောင်းကြားတယ် နောက်တစ်ကြိမ်ဖြစ်ရင် တရုတ်က အရေးယူရမယ် စသည်ဖြင့် ပြောဆိုတယ်လို့ ကြားသိရပါတယ်။
ဒီသတင်းမှန်ရင် အတော်ဆိုးပါတယ်။ မြန်မာဖက်က ကာချုပ်ပါ သူတို့ဖက်က ဒုဥက္ကဌပါ။ မြန်မာကာချုပ်ကို ဖုန်းဆက်ချင်ရင် သူတို့ဖက်က ကာချုပ်ကိုယ်တိုင် ဖုန်းဆက်ပါ ဒါမှမဟုတ် ဥက္ကဌ ကိုယ်တိုင် ဖုန်းဆက်ပါ။ ကာချုပ်အဆင့် ရှိသူ တစ်ဦးကို ဒုတိယ ဥက္ကဌအဆင့်ရှိသူက ဖုန်းဆက်တယ်ဆိုတာ စကတည်းက နှိမ်တဲ့သဘော သက်ရောက်ပါတယ်။
အဲဒီလို အခြေအနေမျိုးမှာ ကျွန်တော် ဖြစ်စေချင်တာက မြန်မာကာချုပ်အနေနဲ့ ဖုန်းလက်ကိုင်ပြောဖို့ ငြင်းဆန်စေလိုပါတယ်။ သံတမန်နည်းအရ အဆင့်တူသူ အချင်းချင်း ပြောဆိုဆွေးနွေးမှုမျိုးသာဖြစ်ဖို့ ပြန်လည် တောင်းဆိုစေလိုပါတယ်။
အမြဲတမ်းပြောနေတဲ့ ဆောင်ပုဒ်လိုဖြစ်နေတဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဒါဟာ နိုင်ငံတကာ အလယ်မှာ အရှက်ရစွာ စော်ကားခံရတယ်လို့ ကျွန်တော် သုံးသပ်ယူဆမိပါတယ်။
ဒီလို ပြောဆိုမှုမျိုးကိုလည်း မြန်မာအစိုးရက ပြည်သူကို အချိန်နှင့် တပြေးညီ ချက်ခြင်း ထုတ်ပြန်သင့်ပါတယ်။ အခြားသော ပြည်ပမီဒီယာတွေက တရုတ်အစိုးရ ထုတ်ပြန်မှ မြန်မာပြည်သူတွေ သိရတယ်ဆိုတာ မြန်မာအစိုးရရဲ့ ပြည်သူတွေအပေါ်မှာ ထားရှိတဲ့ ယုံကြည်မှု မျိုးချစ်စိတ်ဓါတ်ကို သံသယ ဖြစ်နေတာလားဆိုတာလည်း စဉ်းစားစရာပါ။ ပြည်သူအများစုက တပ်မတော်ကို အကြောင်း တစ်ခုခုကြောင့် မုန်းကောင်းမုန်းတာတွေ ရှိပေမယ့် ပြည်ပကျူးကျော်စော်ကားမှုနဲ့ဆိုရင် တပ်မတော်နဲ့ တသားတည်းဖြစ်မယ့်သူ များပါတယ်။ ဒါကို မြန်မာအစိုးရ တပ်မတော်အနေနဲ့ အခွင့်ကောင်းယူပြီး ပြည်သူကို အသိပေးရမှာပါ။ မြန်မာအစိုးရရဲ့ ပြည်သူအပေါ် စောင့်ရှောက်နိုင်မှုကိုလည်း ထုတ်ပြန်ကြေငြာရမှာဖြစ်ပါတယ်။
ဆိုလိုချင်တာ အကယ်၍ တရုတ်တပ်မတော်က မြန်မာအစိုးရကို အပစ်ပေးတဲ့အနေနဲ့ ကျူးကျော်လာဦးတော့ တို့တပ်မတော်က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး ဖြစ်နိုင်တဲ့ အင်အားနဲ့ ပြန်လည်ခုခံပါလိမ့်မယ် စသည်ဖြင့် စိတ်အားတက်စရာ ထုတ်ပြန်မှုတွေ ပြုလုပ်လို့ရပါတယ်။ ဒီလိုထုတ်ပြန်လို့လဲ ဘယ်ပြည်သူမှ မမုန်းပါ။ တရုတ်ကို အမြင်ကတ်နေတဲ့သူတောင် များလို့ တပ်မတော်ကို ထောက်ခံသူဦးရေ ဒီထက်တောင် များသွားလာဦးမှာပါ။
နောက်တစ်ချက်က မြန်မာအစိုးရက ဒီပြသနာကို ငြင်းပါတယ်။ ကိုးကန့်သူပုန်တွေ လုပ်တာဖြစ်နိုင်တယ် မြန်မာ့တပ်မတော်လေက တရုတ်လေပိုင်နက်ကို ကျူးကျော်ခြင်း မရှိခဲ့ဖူးဆိုတဲ့ ထုတ်ပြန်ချက်ကို ဘန်ကောက်ပိုစ့်မှာ ရေးထားတာ ဖတ်ရပါတယ်။ မြန်မာပိုင် ပြည်တွင်း သတင်းစာတွေ တီဗီအစီအစဉ်တွေမှာ အစိုးရက ပြည်သူကို ထုတ်ပြန်ထားတာမျိုး မရှိပဲ တစ်ဖက် ထိုင်းနိုင်ငံက သတင်းစာကရေးမှ မြန်မာ့တပ်မတော်ရဲ့ ငြင်းဆိုချက်ကို သိခဲ့ရတာပါ။
မြန်မာအစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး အထက်ပါ အခြေအနေတွေ ယခင်က ဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့် ပြုပြင်ပြောင်းလဲသင့်ပြီလို့ ကျွန်တော် ယုံကြည်မိပါတယ်။
ယခင်က ထိုင်းတပ်မတော် ကိစ္စမှာလည်း ဖြစ်စဉ်ဖြစ်ပြီး အတော်ကြာမှ သတင်းစာမှာ ပါတာပါ။ ခုလောက် social media မဖွံ့ဖြိုးလို့ ပြည်သူတွေ အချိန်နဲ့ တပြေးညီ မသိခဲ့ရပါဘူး။ နောက် ဂီရိ မုန်တိုင်းတို့ နာဂစ်တို့ဖြစ်တော့ ရေဒီယို တီဗီမှာ ကြေငြာတော့ များစွာ နောက်ကျနေပါပြီ။ တကယ်တန်း အချက်အလက်ကလည်း လွဲမှားပါတယ်... တစ်နာရီ မိုင် ၁၂၀ လောက် တိုက်နေတဲ့ မုန်တိုင်းကို ၄၅ မိုင်လောက်နဲ့ သတင်းထုတ်ပြန်ခဲ့တော့ ဆုံးရှုံးမှုတွေက များလွန်းပါတယ်။ နောက် အဲဒီလိုပဲ အခုတလော ဖြစ်နေတဲ့ ကိုးကန့်ကိစ္စမှာလည်း ကျွန်တော်တို့တွေ ဝိုင်းရေးတော့မှ သတင်းစာတွေ တီဗီတွေက ထုတ်ပြန်တာပါ။
ဒီလိုအခြေအနေတွေမှာ ဘာကြောင့် အချိန်နှင့် တပြေးညီ ထုတ်ပြန်မှု မပေးတာလည်း မြန်မာအစိုးရဖက်က မှန်နေရဲ့သားနဲ့တောင် ကိုးကန့်ကိစ္စကို အင်တာနက်မှာ အတော်လေး ပျံ့လို့ ကြာတော့မှ ထုတ်ပြန်တယ်။ စတင်ဖြစ်စဉ်က တကယ်တန်း တင်သင့်တဲ့ နေရာတွေမှာ မတင်ဘူး အခြားသော သတင်းတွေ အလှူတွေနဲ့ အရေးမပါတဲ့ ဖြစ်ရပ်တွေကို သတင်းလို ရေးထားတယ်။ နောက် အလှူငွေကောက်တဲ့ ကိစ္စမှာလည်း facebook မှာ ရှိတဲ့ မြန်မာ့တပ်မတော်သားဟောင်း အချို့က ဦးဆောင်ပြီး လုပ်မှ နောက်မှ တပ်မတော်နဲ့ အစိုးရက တရားဝင် လိုက်လုပ်တယ်။
တက်ကယ်တော့ social media ဆိုတာ official media ပေါ်မှာ အခြေခံရေးသားရမှာပါ။ ဒါပေမယ့် official media က social media ကရေးမှ လိုက်ရေးတာတို့ သတင်းထိန်ချန်တာတို့က ပြည်သူတွေအတွက် တပ်မတော်ကို အားပေးတဲ့ နိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့သူတွေအတွက် အားမလို အားမရ ဖြစ်စေတာတော့ အမှန်ပါ။
လက်ရှိ ဖြစ်နေတဲ့ ပြသနာကို ငြိမ်ချမ်းစွာ ဖြေရှင်းဖို့ ကျွန်တော် အားပေးပါတယ်။ ကျွန်တော်လည်း လူအများစုသေတဲ့ စစ်ပွဲတွေ မဖြစ်စေလိုပါ။ ဒါပေမယ့် အစိုးရအနေနဲ့ ကိုယ့်နိုင်ငံတော် အချုပ်အခြာအာဏာလည်း လေးစားတဲ့အနေနဲ့ မာမာထန်ထန်တော့ တုန့်ပြန်သင့်ပါတယ်။ ဆိုပါတော့ ယူကရိန်းမှာ မလေးလေယာဉ်ပစ်ချ ခံရတယ်။ ပြည်သူအများစုသေတယ်။ ယူကရိန်းအစိုးရက သူပုန်တွေ ပစ်တာပြောတယ်။ သူပုန်တွေက ယူကရိန်းအစိုးရက သူတို့ကို အပစ်ပုံချခြင်လို့ ပစ်တာပြောတယ်။ ဘယ်သူဘာပြောပြော အပစ်မဲ့သူတွေ အလကားသေတာပါပဲ။ ဒါပေမယ့် မလေး အစိုးရ ဘာပြောရဲသလဲ။ ယူကရိန်းကို စစ်ရေးအရ အရေးယူမယ် ပြောခဲ့သလား။ ယူကရိန်း သူပုန်တွေကိုကော ယူကရိန်းအစိုးရနဲ့ ပူးပေါင်းပြီး တိုက်ပေးမယ် ဘာညာ ပြောခဲ့သလား။
ခုဖြစ်စဉ်မှာလည်း အလားတူပဲ... မြန်မာ့တပ်မတော်က တရုတ်တွေ သေစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပစ်တာ မဟုတ်ဘူး။ ဒါပေမယ့် တရုတ်က မြန်မာ့တပ်မတော် က တပ်မတော်သားတွေကို သေစေ မြန်မာပြည် ဆူစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူပုန်ကို လက်နက်ထောက်ပံ့ပေးတယ် သူပုန်ရဲ့ command center ကို သူတို့နိုင်ငံမှာ ဖွင့်ခွင့် ကွပ်ကဲခွင့်ပေးထားတယ်။ အခြားသော ထောက်ပို့တွေကို တရုတ်နိုင်ငံတွင်းကနေတစ်ဆင့် ပြုလုပ်စေတယ်။ ဒါဟာ မရိုးသားတာပဲ အစကတည်းက။ သူတို့ ရိုးသားရင်။ ဖုန်ကြားရှင်ကို လွယ်လွယ်ကူကူ ဖမ်းပေးလိမ့်မယ်။ ဒါကြောင့် မြန်မာ့တပ်မတော်က မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်တဲ့အနေနဲ့ အသေခံပြီး ကိုးကန့်ကျူးကျော်မှု အမည်ခံ တရုတ်ကျူးကျော်မှုကို တိုက်ခိုက်ပေးတာ။ တိုက်ခိုက်ပေးရင် မတော်တဆ ဗုံးကျသွားလို့ သူတို့လူတွေသေတာလေ။ ဒါကို သူတို့က ကန့်ကွက်ရင် ကိုယ်က ပြန်ချေပရမယ်။ မာမာထန်ထန် ပြန်တုန့်ပြန်ရမယ်။ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိပါးရင် ပြန်လည် ပြောဆိုနိုင်ရမယ်။
ဒါပေမယ့် မြန်မာဖက်က အလွန်ကို ပျော့ညံ့ခဲ့သလို သတင်းထုတ်ပြန်မှုမှာလည်း အလွန်နောက်ကျပြီး ပြည်သူကို အလေးမထားရာ ရောက်စေတယ်။
ဒါက ကျွန်တော်လက်ရှိ တရုတ်အရေးနဲ့ ပတ်သက်တဲ့ ကျွန်တော့် သဘောထားပါပဲ။ ဖြစ်စေချင်တာ လျှင်မြန်တဲ့ တုန့်ပြန်မှုနဲ့ တရုတ်ရဲ့ ကိုးကန့်ကို ထောက်ပံ့ပေးထားတာကို မီးမောင်းထိုးပြစေချင်တဲ့သဘော တရုတ်အစိုးရကပါ နောက်ဆုံး မြန်မာတောင်းဆိုတာကို လိုက်လျောရပြီး ဖုန်ကြားရှင်ကို ဖမ်းဆီးပေးစေလိုတဲ့သဘောတွေပါပဲ။
တရုတ်နဲ့ တိုက်ရင် မြန်မာ အခြေအနေ မကောင်းနိုင်ဘူးလို့ ကျွန်တော် ဘာကြောင့်ပြောရသလဲ။ ကျွန်တော် မျိုးချစ်စိတ် မရှိလို့ မဟုတ်ပါ။ ကျွန်တော် နိုင်စေချင်တာပေါ့။ ဒါပေမယ့် အရှိကို အရှိအတိုင်း လက်ခံဖို့လည်း လိုပါတယ်။
လက်ရှိ မြန်မာ့တပ်တွေမှာ သုံးနေတဲ့ ပစ္စည်းအများစုက တရုတ်လုပ်တွေပါ တိုက်လေယာဉ်တွေထဲမှာလည်း MiG 29 ရယ် G4 တွေရယ်ကလွဲရင် ကျန်တာက တရုတ်လုပ်တွေပါ။ ကုန်ကုန်ပြောရရင် မြန်မာလေသူရဲတွေကို မွေးထုန်ပေးတဲ့ P Course သင်တန်းမှာ သုံးနေတဲ့ အမောင်းသင်လေယာဉ်တွေ အားလုံးလည်း တရုတ်လုပ်တွေပါ။ ဒီလိုပဲ မြန်မာ့ ရေတပ်မှာ သုံးနေတဲ့ စစ်လက်နက်ပစ္စည်းအချို့အပါအဝင် စစ်သင်္ဘောအချို့ကလည်း တရုတ်လုပ်တွေပါပဲ။
မြန်မာက ပိုက်လိုင်းကို ပိတ်လိုက်လို့ လွယ်လွယ်ပြောနေတဲ့ ပြည်သူအချို့အသံကြားရပါတယ်။ ပိုက်လိုင်းကို မြန်မာကပိတ်ရင်။ တရုတ်ကလည်း မြန်မာကို ထောက်ပံ့ရောင်းချထားတဲ့ လက်နက်တွေ ပစ္စည်းကိရိယာတွေရဲ့ အပိုပစ္စည်းထောက်ပံ့ရောင်းချမှုကို ရပ်ဆိုင်းယုံပေါ့။ ဒါဆို မြန်မာ့တပ်မတော် တအား နစ်နာသွားပါလိမ့်မယ်။ နောက်ပိုင်း မြန်မာ့တပ်မတော်က လေယာဉ် ၇၀ ရာနှုန်းကျော်လောက် grounded ဖြစ်သွားပါလိမ့်မယ်။
PT 6 လည်း တရုတ်လုပ် K8 လည်း တရုတ်လုပ်၊ A5 လည်း တရုတ်လုပ် F7 လည်း တရုတ်လုပ် Y-8 လည်း တရုတ်လုပ်။ မြန်မာ့ရေတပ်ဆိုလည်း နာမည်ကျော် frigate စစ်သင်္ဘော မဟာသီဟသူရလည်း တရုတ်လုပ် မဟာဗန္ဓုလလည်း တရုတ်လုပ်ပါ။ ဒါက သာမန်ပြည်သူတွေတောင် သိတဲ့ စစ်လက်နက်တွေသာ ကျွန်တော် ရေးပြတာပါ။ အခြားသော လျှို့ဝှက် အဆင့်ထားတဲ့ လက်နက်တွေ ကျွန်တော် မရေးသေးပါ။
ဆိုတော့ ဒီလို အဓိက လက်နက်ပစ္စည်းကိရိယာတွေတောင် တရုတ်လုပ်ဖြစ်နေရင် တရုတ်က ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ရင် အခြားသော မြန်မာကို စစ်ရေးကျူးကျော်လိုတဲ့ ဘင်္ဂလားကော ယိုးဒယားအတွက်ပါ အလွန်အကြိုက်တွေ့သွားပါလိမ့်မယ်။
တရုတ်ကရပ်လို့ ဥရောပနဲ့ အနောက်နိုင်ငံတွေက ဝယ်လို့ မရဘူးလားမေးတယ်။ အကယ်၍ အနောက်အုပ်စုက ချက်ခြင်းလက်ငင်းကြီး သဘောတွေကောင်းပြီး ဝယ်ခွင့်ပေးရင်တောင် သင်တန်းတွေတက်ဖို့ ကုန်ရမယ့် အချိန်တွေ... အဲဒီ လက်နက်တွေကို မြန်မာနိုင်ငံပို့တဲ့ အချိန်တွေ... အဲဒီ လက်နက်တွေကို အသုံးပြုဖို့ ရင်းနှီး ကျွမ်းဝင်ဖို့ လိုအပ်တဲ့အချိန်တွေ ပြင်ဆင်ဖို့ သင်တန်းတက်ဖို့ အပိုပစ္စည်းတွေ ထောက်ပံ့ဖို့ စတဲ့ မနည်းမနောသော ကိစ္စရပ်ပေါင်းများစွာကြောင့် အချိန်တွေ အတော်လိုပါတယ်။
ဒါကြောင့် မြန်မာက စစ်ဖြစ်လို့တော့ မဖြစ်ပါ။
ဒါပေမယ့် ဒီဖြစ်စဉ်ကို နဲ့ တရုတ်ရဲ့ စိတ်ဓါတ် အစစ်ကို သင်ခန်းစာယူပြီး မြန်မာပြည်ရဲ့ အနာဂတ် နိုင်ငံခြားရေးမူဝါဒတွေကို ပြင်ဆင်ဖို့ မဟာဗျူဟာတွေ ချမှတ်ပြီး အကောင်အထည်ဖော်ဖို့ တရုတ်ရဲ့ အကူအညီကို တဖြေးဖြေးချင်း လျှော့ချဖို့အတွက် လိုနေပြီ လို့ ကျွန်တော် သုံးသပ်မိပါတယ်။
မြန်မာအစိုးရအနေနဲ့ မြန်မာပြည်သူတွေကို အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးတယ်။ အခြားသော ပြည်ပနိုင်ငံတွေက စော်ကားမော်ကားပြောတဲ့ အခါမျိုးမှာ ကိုယ့်ဖက်ကလည်း စော်ကားမခံပဲ အောက်ကျို့မခံပဲ တုန့်ပြန်နိုင်စွမ်းရှိမယ်ဆိုရင်ပဲ ကျေနပ်မိနေမှာပါ။
လောလောဆယ်တော့ မြင်ရ ကြားရ သိရတဲ့ အခြေအနေတွေက ကိုယ့်ဖက်က အရာရာ အောက်ကျို့နေရကြောင်း အလျှော့ပေးနေရကြောင်း တောင်းပန်နေရကြောင်းပါ။ ဒါကြောင့် ကျွန်တော် ပြည်သူတစ်ဦးအနေနဲ့ အလွန်ကို မကျေမနပ်ဖြစ်မိပါတယ်။
ဒါတွေက မြန်မာအစိုးရ တပ်မတော်နဲ့ လက်ရှိဖြစ်နေတဲ့ တရုတ်ဖြစ်စဉ် မြန်မာအစိုးရ တပ်မတော်ရဲ့ သတင်းထုတ်ပြန်နိုင်စွမ်းတို့နဲ့ ပတ်သက်ပြီး ကျွန်တော့် အမြင်တွေပါပဲ။
ကျေးဇူးပါ
သစ္စာ
၂၀၁၅ ခုနှစ် မတ်လ ၁၆ ရက်